• Personal Banking
  • Accounts
  • Current Account

စာရင်းရှင်အပ်ငွေစာရင်း ( Current Account )

  • တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပိုသော တွဲဖက်စာရင်းဖြစ်စေ၊ ကုမ္ပဏီ/အဖွဲ့အစည်းအမျိုးမျိုးဖြစ်စေ စာရင်းဖွင့်နိုင်ပါသည်။
  • ကနဦးစာရင်းဖွင့်ငွေ - ၁,၀၀၀/- ကျပ် ဖြင့် စာရင်းဖွင့်ရန်လိုအပ်ပါသည်။
  • လကုန်ပြီးတိုင်း ဘဏ်စာရင်းရှင်းတမ်းကို စာရင်းပိုင်ရှင်ထံပေးပို့ပါမည်။

Download Flyer

File Type: PDF
Download Flyer


၁။ စာရင်းဖွင့်ခြင်း

  • ၁-၁ တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပိုသော တွဲဖက်စာရင်းဖြစ်စေ၊ အဖွဲ့အစည်းအမျိုးမျိုးဖြစ်စေ စာရင်းဖွင့်နိုင်ပါသည်။
    • (က) လူပုဂ္ဂိုလ်တစ်ဦးချင်းစာရင်း၊
    • (ခ) နှစ်ဦးတွဲဖက်စာရင်း၊
    • (ဂ) နှစ်ဦးထက်ပိုသောတွဲဖက်စာရင်း၊
    • (ဃ) အလုပ်တိုက်၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီလီမိတက်၊ သမ၀ါယမအသင်း၊ ငွေစုငွေချေးနှင့် ငွေကြေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာဝန်ထမ်းရန်ပုံငွေအဖွဲ့၊ သာရေးနာရေးအသင်းအဖွဲ့၊ ယုံမှတ်အပ်နှံငွေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းစာရင်း။
  • ၁-၂ လူပုဂ္ဂိုလ်အမည်စာရင်းအတွက် စာရင်းဖွင့်လိုသူကိုယ်တိုင်ဘဏ်သို့ လာရောက်ရပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြားယူဆောင်လာရပါမည်။
  • ၁-၃ ကုမ္ပဏီအဖွဲ့အစည်းများအတွက် သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ လုပ်ငန်းအမျိုးအစားလိုင်စင်များနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့အမည်စာရင်း၊ စာရင်းဖွင့်ရန်ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်းများနှင့် ဆုံးဖြတ်ချက်များ၊ ကုမ္ပဏီအဖွဲ့အစည်း၏ကိုယ်စား ငွေသွင်းငွေထုတ်ပြုလုပ်မည့် ပုဂ္ဂိုလ်များအမည်စာရင်းနှင့် လက်မှတ်နမူနာများ၊ ရုံးတံဆိပ်တုံးများကို ယူဆောင်လာရပါမည်။
  • ၁-၄ အနည်းဆုံး (၁,၀၀၀/-) ကျပ် ဖြင့်စာရင်းဖွင့်နိုင်ပါသည်။

၂။ ငွေပေးသွင်းခြင်း

  • ၂-၁ စာရင်းရှင်စာရင်းသို့ ငွေပမာဏနှင့်အကြိမ် အကန့်အသတ်မရှိ ပေးသွင်းနိုင်ပါသည်။
  • ၂-၂ ငွေသားပေးသွင်းခြင်း၊ ချက်လက်မှတ်၊ ငွေပေးအမိန့်၊ ငွေလွှဲလက်မှတ် စသည်တို့ကို စာရင်းပြောင်းခြင်း (Transfer)၊ စာရင်းရှင်းခြင်း (Clearing) နှင့် ငွေကောက်ခံခြင်း(Collection) နည်းများဖြင့် ပေးသွင်းနိုင်ပါသည်။
  • ၂-၃ ငွေသားပေးသွင်းခြင်းအတွက် ဘဏ်မှငွေသွင်းလွှာ (Pay-In-Slip) တွင်စာရင်းအမည်၊ စာရင်းအမှတ်နှင့် ပေးသွင်းငွေပမာဏတို့ကို ဖော်ပြအသုံးပြုနိုင်ပါသည်။ ငွေသွင်းလွှာ(Pay-In-Slip) ကိုဘဏ်က အခမဲ့ ထုတ်ပေးပါသည်။
  • ၂-၄ ကိုယ်စားလှယ်ဖြင့်လည်း ငွေပေးသွင်းနိုင်ပါသည်။
  • ၂-၅ ချက်လက်မှတ်များ၊ ငွေလွှဲလက်မှတ်များ၊ ငွေပေးအမိန့်လွှာများကို ဘဏ်စာရင်းသို့ ပေးသွင်းသည့်အခါ ယင်းတို့ကိုမျဉ်းသားခြင်း (Crossing) ပြုလုပ်ပြီးမှသာ ပေးသွင်းရပါမည်။(မျဉ်းသားခြင်းဆိုသည်မှာ-ငွေသားထုတ်ယူရန်မဟုတ်သည့် ချက်လက်မှတ်စသည်များ၏ လက်ဝဲဘက်အပေါ်ထောင့်တွင် ½” မျဉ်းပြိုင်နှစ်ကြောင်းကိုကန့်လန့်ဖြတ်၍ ရေးဆွဲရပါသည်။ အထူးမျဉ်းသားချက်ဖြစ်စေရန် မျဉ်းပြိုင်နှစ်ကြောင်းအတွင်း၌ Not Negotiable, A/C Payee Only ဟုရေးသားနိုင်ပါသည်။)
  • ၂-၆ အခြားဘဏ်များမှ ချက်လက်မှတ်များကို နံနက် (၁၁း၃၀) နာရီအတွင်း လက်ခံရရှိပါက နေ့ချင်းစာရင်းရှင်းလင်းကောက်ခံပေးပါမည်။ (၁၁း၃၀) နာရီကျော်မှ လက်ခံရရှိပါက နောက်တစ်နေ့ဘဏ်ဖွင့်ချိန်တွင် စာရင်းရှင်းလင်းကောက်ခံပေးပါမည်။

၃။ ငွေထုတ်ယူခြင်း

  • ၃-၁ ငွေပမာဏနှင့်အကြိမ် အကန့်အသတ်မရှိထုတ်ယူနိုင်ပါသည်။
  • ၃-၂ ငွေထုတ်ပေးရန်မှတစ်ပါး အခြားစည်းကမ်းသတ်မှတ်ချက် တစုံတရာမပါရှိရပါ။
  • ၃-၃ အနည်းဆုံးလက်ကျန်ငွေ (၁,၀၀၀/-) ကျပ် ချန်လှပ်ထားရပါမည်
  • ၃-၄ ဘဏ်ကချက်လက်မှတ်စာအုပ်ကို အခမဲ့ထုတ်ပေးပါမည်။ ချက်လက်မှတ်အတွက် တံဆိပ်ခေါင်းခွန်ကိုဘဏ်စာရင်းမှ ခုနှိမ်ယူပါမည်။ (သို့မဟုတ်) ငွေသားဖြင့် ပေးသွင်းနိုင်ပါသည်။ (ချက်လက်မှတ်စာအုပ်တွင် စာရင်းအမှတ်၊ ရွက်ရေနှင့် အမှတ်စဉ်များမှန်ကန်ပြည့်စုံခြင်းရှိ/မရှိ စစ်ဆေးလက်ခံရပါမည်။)
  • ၃-၅ စာရင်းရှင်းလင်းကောက်ခံဆဲ ချက်လက်မှတ်စသည်များ၏ တန်ဖိုးငွေများကို စာရင်းရှင်းလင်းကောက်ခံရရှိပြီး၍ သက်ဆိုင်ရာစာရင်းသို့ပေးသွင်းပြီးမှသာ ထုတ်ယူခွင့်ရှိပါသည်။ Against Clearing ထုတ်ယူလိုပါက လက်ထောက်ထွေထွေမန်နေဂျာထံ တင်ပြပြီး ခွင့်ပြုချက်ရလျှင် ထုတ်ပေးနိုင်ပါသည်။

၎။ ချက်လက်မှတ်အသုံးပြုနည်း

  • ၄-၁ ချက်လက်မှတ်စတင်သုံးစွဲလျှင် ချက်လက်မှတ်စာအုပ်တွင်ပါရှိသည့် စတင်သုံးစွဲကြောင်း အကြောင်းကြား ပုံစံတွင် စာရင်းပိုင်ရှင်က လက်မှတ်ရေးထိုး၍ ဘဏ်သို့ပေးပို့ရပါမည်။ ချက်လက်မှတ်များအသုံးပြုစဉ် ချက်လက်မှတ်စာအုပ် မကုန်ဆုံးမီ(၅) ရွက်ခန့်အလိုတွင် ချက်လက်မှတ်စာအုပ်အသစ် တောင်းခံလွှာ ပုံစံကို စာရင်းပိုင်ရှင်က လက်မှတ်ရေးထိုးပြီး တောင်းခံနိုင်ပါသည်။ ကိုယ်စားလှယ်ဖြင့် ချက်လက်မှတ်စာအုပ်ကို ထုတ်ယူလိုပါက ကိုယ်စားလှယ်၏ အမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာတို့ကို ဖေါ်ပြလျှက်ကိုယ်စားလှယ်ကို နမူနာလက်မှတ်ရေးထိုးစေပြီး မှန်ကန်ကြောင်းအတည်ပြု လက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ်လွှဲစာဖြင့်ထုတ်ယူနိုင်ပါသည်။
  • ၄-၂ ချက်လက်မှတ်ကို လက်ရေးဖြင့်ဖြစ်စေ၊ လက်နှိပ်စက်ဖြင့်ဖြစ်စေ၊ အထူးပုံနှိပ်စာလုံးများရိုက်နှိပ်၍ဖြစ်စေ အင်္ဂလိပ်/မြန်မာစာအရေးအသားဖြင့် ရေးသားနိုင်ပါသည်။
  • ၄-၃ ချက်လက်မှတ်ပေါ်တွင် ထုတ်ပေးရမည့်ငွေပမာဏကို တိကျပီပြင်စွာဖော်ပြရပါမည်။ စာဖြင့်ရေးသားသည့် ငွေပမာဏနှင့် ဂဏန်းဖြင့်ဖော်ပြသည့် ငွေပမာဏ (၂)ရပ် ကိုက်ညီရပါမည်။ မကိုက်ညီပါက ငွေထုတ်ပေးရန်ဘဏ်ကငြင်းပယ်ခွင့်ရှိပါသည်။ (သို့မဟုတ်) နည်းရာငွေပမာဏကိုသာ ထုတ်ပေးနိုင်ပါသည်။ (သို့မဟုတ်) စာဖြင့်ဖော်ပြထားသည့် ငွေပမာဏကိုသာထုတ်ပေးနိုင်ပါသည်။
  • ၄-၄ ချက်လက်မှတ်ပေါ်တွင် ထုတ်ယူမည့်ငွေပမာဏကို ဖော်ပြရာတွင် စာ/ဂဏန်းများရှေ့နှင့်နောက်တွင်ဖြစ်စေ၊ ကြားတွင်ဖြစ်စေ ထပ်မံဖြည့်စွက်ရေးသာခြင်းမပြုနိုင်အောင် ကွက်လပ်မချန်ဘဲ ရေးသားရပါမည်။ ဥပမာ - ကျပ် ၉,၁၀၀/-(ကျပ်ကိုးထောင်တစ်ရာတိတိ) ဟူ၍ ဂဏန်း၏ရှေ့တွင် “ကျပ်” စာလုံးခံပြီး၊ နောက်က “တိတိ”ဖြင့် အဆုံးသတ်ရပါမည်။
  • ၄-၅ ချက်လက်မှတ်စုတ်ပြဲနေခြင်း၊ စွန်းထင်းနေခြင်း၊ နည်းလမ်းကျနမှန်ကန်စွာရေးသားမထားခြင်းများရှိပါက ဘဏ်ကငွေထုတ်ပေးရန် ငြင်းပယ်နိုင်ပါသည်။
  • ၄-၆ ချက်လက်မှတ်တွင်ဖော်ပြထားသော နေ့စွဲ(ရက်စွဲ)သည် ကုန်လွန်ပြီးသောရက်(ရက်လွန်) နှင့် မကျရောက်သေးသောရက် (ရက်ကျော်) မဖြစ်စေရပါ။ ရက်လွန်ချက်မှာ(၆)လကျော်လွန်မှ ငွေထုတ်ယူရန်တင်ပြသောချက်လက်မှတ်ဖြစ်ပါသည်။ စာရင်းပိုင်ရှင်က ယင်းချက်လက်မှတ်အတွက် သက်တမ်းထပ်မံတိုးပေးရန် ဘဏ်သို့ တရားဝင်အကြောင်းကြားရပါမည်။ချက်လက်မှတ်ပေါ်ရှိနေ့စွဲသည် တရားဝင်ရုံးပိတ်ရက်ဖြစ်ပါက နောက်တစ်နေ့ဘဏ်ဖွင့်ရက်တွင် ငွေထုတ်ယူနိုင်ပါသည်။
  • ၄-၇ ငွေထုတ်မည့်ချက်လက်မှတ်ကို စာရင်းပိုင်ရှင်က လက်မှတ်ရှည်ရေးထိုးရပါမည်။ ဘဏ်တွင်စာရင်းဖွင့်စဉ်ကပေးအပ်ထားသော လက်မှတ်နမူနာများနှင့် ပုံသဏ္ဍာန် ဟန်ပန်များအားလုံးတူညီရပါမည်။
  • ၄-၈ ချက်လက်မှတ်များကို ကြိုတင်လက်မှတ်ရေးထိုးထားခြင်းမပြုလုပ်ရပါ။ အခြားသူများကိုလည်းလွှဲပြောင်းအပ်နှံထားခြင်းမပြုသင့်ပါ။ ချက်စာအုပ်နှင့် ချက်လက်မှတ်များကို လုံခြုံစွာသိမ်းဆည်းထားရပါမည်။
  • ၄-၉ ချက်လက်မှတ်ကိုအတင်းအဓမ္မလက်မှတ်ရေးထိုးစေခြင်းမျိုးခံရပါက ဘဏ်သို့ချက်ချင်းအကြောင်းကြားရပါမည်။
  • ၄-၁၀ ငွေထုတ်ယူမည့်သူ၏ အမည်၊ ငွေပမာဏနှင့် နေ့စွဲတို့ကိုရေးသားထားပြီး တစ်ခုခုကို ပြန်လည်ပြင်ဆင်လိုပါက မူလအရေးအသားပေါ်တွင် ထပ်ရေးခြင်း၊ ဖိရေးခြင်းမပြုရပါ။ အမှားကိုမျဉ်းကြောင်းဖြင့် ရေးဖျက်ပြီး လက်မှတ်ရှည်ရေးထိုးအတည်ပြုလျှက် အမှန်ကိုအသစ်ရေးသားဖော်ပြရမည်။ ပြင်ဆင်ချက်များအပေါ် စာရင်းပိုင်ရှင်က လက်မှတ်ရှည်ရေးထိုးထားခြင်းမရှိသော ချက်လက်မှတ်အတွက် ငွေထုတ်ပေးရန် ဘဏ်ကငြင်းပယ်နိုင်ပါသည်။ ပယ်ဖျက်ထားသော ချက်လက်မှတ်ရှိပါက ဘဏ်သို့ပေးပို့အပ်နှံရပါမည်။
  • ၄-၁၁ “အမိန့်ရသူ” အားပေးရန် (Order Cheque) လက်မှတ်ကို “ယူဆောင်လာသူ” အားပေးရန် (Bearer Cheque) လက်မှတ်အဖြစ်ပြောင်းလဲလိုပါက “အမိန့်ရသူ” (Order) ဟူသောစာလုံးကို မျဉ်းသားပယ်ဖျက်၍ “ယူဆောင်လာသူ” (Bearer) ဟူသော စာလုံးရေးသားပြီး စာရင်းပိုင်ရှင်က လက်မှတ်ရေးထိုးအတည်ပြုရပါမည်။
  • ၄-၁၂ ကိုယ်စားလှယ်ဖြင့်ငွေထုတ်ယူလိုပါက “အမိန့်ရသူ” (Order Cheque) ပေါ်တွင် ကိုယ်စားလှယ်၏အမည်နှင့် မှတ်ပုံတင်အမှတ်ကို ဖော်ပြလျှက် နောက်ကျောဘက်တွင် “၄င်းအားငွေထုတ်ပေးပါ” ဟုရေးသားထားပြီး ကိုယ်စားလှယ်၏ လက်မှတ်မှန်ကန်ကြောင်း စာရင်းပိုင်ရှင်က အတည်ပြုလက်မှတ်ရေးထိုးပေးရပါမည်။
  • ၄-၁၃ စာရင်းပိုင်ရှင်အနေဖြင့် ထုတ်ပေးထားသော ချက်လက်မှတ်ကို ငွေထုတ်မပေးရန် တားမြစ်လိုပါက ဘဏ်သို့စာဖြင့် ချက်ချင်းအကြောင်းကြားရပါမည်။ ဖုန်းဖြင့်၊ ကြေးနန်းဖြင့်၊ တဲလက်စ်ဖြင့်၊ ဖက်စ်ဖြင့်အကြောင်းကြားခဲ့ပါက စာဖြင့်လည်း ချက်ချင်းအတည်ပြရပါမည်။ တားမြစ်ချက်တွင်ဘဏ်စာရင်းအမှတ်၊ ချက်လက်မှတ်နံပါတ်၊ ငွေလက်ခံမည့်သူ၏အမည်အပြည့်အစုံ၊ ငွေပမာဏ၊ နေ့စွဲများတိကျမှန်ကန်ရပါမည်။ စာဖြင့်တားမြစ်ချက်သည် ဘဏ်လုပ်ငန်းဆောင်ရွက်သူ၏ လက်ဝယ်သို့ မရောက်သေးသည့်ကာလပတ်လုံး၊ ယင်းတားမြစ်ချက်ကို ဘဏ်ကလိုက်နာဆောင်ရွက်ခြင်းမပြုပဲ နေနိုင်ခွင့်ရှိပါသည်။
  • ၄-၁၄ ဘဏ်နှင့်ကြိုတင်အစီအစဉ်ပြုလုပ်ထားခြင်းမရှိပဲ အမှန်ရှိနေသော လက်ကျန်ငွေပမာဏထက် ငွေပိုမိုထုတ်ယူခြင်းကို ဘဏ်ကငြင်းပယ်ခွင့်ရှိပါသည်။
  • ၄-၁၅ ချက်လက်မှတ်၊ ချက်စာအုပ်များပျက်စီးပျောက်ဆုံးရှာမတွေ့တော့ပါက ဘဏ်သို့ချက်ချင်း အကြောင်းကြားရပါမည်။ ပျောက်ဆုံးသည့်ချက်လက်မှတ်၊ ချက်စာအုပ်အတွက် ချက်လက်မှတ်အသစ်ထုတ်ပေးပါမည်။
  • ၄-၁၆ (Loose Cheque) ချက်လက်မှတ်အလွတ်အတွက် (၁)စောင်လျှင် ကျပ် ၅၀၀/- နှုန်းပေးဆောင်ရပါမည်။
  • ၄-၁၇ စာရင်းဖွင့်စဉ်က တံဆိပ်တုံးအသုံးပြုရန်ဖော်ပြခဲ့လျှင် ငွေထုတ်ယူသည့်အခါတိုင်း ယင်းတံဆိပ်တုံးကိုအသုံးပြုရပါမည်။
  • ၄-၁၈ မြန်မာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာမဟုတ်သော အခြားဘာသာတစ်ခုခုဖြင့် လက်မှတ်ရေးထိုးမည်ဆိုပါက လက်ထောက်မန်နေဂျာထက် အဆင့်မနိမ့်သော ဘဏ်အရာရှိတစ်ဦးဦး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ထိုအရာရှိကလည်း အတည်ပြုလက်မှတ်ရေးထိုးထားရပါမည်။
  • ၄-၁၉ စာရင်းပိုင်ရှင်၏လိပ်စာ၊ ဖုန်းနံပါတ်စသည်တို့ပြောင်းလဲမှုရှိတိုင်း ဘဏ်သို့အကြောင်းကြားရပါမည်။

၅။ အခြား CB Bank တွင် ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း (IBC)

  • ၅-၁ CB Bank ရှိစာရင်းရှင်စာရင်း (Current A/C) သို့အခြား CB Bank မှတဆင့် ငွေသွင်းနိုင်ပါသည်။
  • ၅-၂ CB Bank Cheque ဖြင့် အခြား CB Bank တွင်ငွေထုတ်ယူနိုင်ပါသည်။ (သတ်မှတ်ထားသည့်ဝန်ဆောင်ခအား ပေးဆောင်ရပါမည်။ နယ်မြေကျော်အသွင်း/အထုတ်ပြုလုပ်လျှင် ငွေလွှဲခအတိုင်းပေးဆောင်ရမည်။)

၆။ အထူးလျှို့ဝှက်ခြင်း

  • စာရင်းပိုင်ရှင်နှင့်ပတ်သတ်သော အချက်အလက်အားလုံးကို ဘဏ်ကအထူးလျှို့ဝှက်ထားပါသည်။
  • ဘဏ်အမှုထမ်းတိုင်းကလည်း အလုပ်ခန့်ထားစဉ်ကပင် လျှို့ဝှက်ချက်များထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ဝန်ခံချက်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။

၇။ ၀န်ဆောင်ခများ

  • စာရင်းရှင်အပ်ငွေစာရင်းများအတွက် စာရင်းထိန်းသိမ်းခလုံးဝမယူပါ။
  • စာရင်းပိုင်ရှင်၏ ညွှန်ကြားချက်အရစာရင်းမှအချိန်မှန်ထုတ်နှုတ်ဆောင်ရွက် ပေးရခြင်းများအတွက် ဘဏ်က သတ်မှတ်ထားသော နှုန်းထားအတိုင်းကောက်ခံပါမည်။
  • တံဆိပ်ခေါင်းဖိုး - ၁၂၅/-ကျပ်
  • ချက်စာအုပ်ပျောက်ဆုံးလျှင် - ၁,၀၀၀/-ကျပ်

၈။ ဘဏ်စာရင်းရှင်းတမ်းပေးပို့ခြင်း

  • လကုန်ပြီးတိုင်း ဘဏ်စာရင်းရှင်းတမ်းကို စာရင်းပိုင်ရှင်ထံပေးပို့ပါမည်။
  • ရှင်းတမ်းရရှိပါက သေချာစွာစစ်ဆေးပြီး ကွဲလွဲချက်များရှိပါက ဘဏ်သို့ချက်ချင်းအကြောင်းကြားရပါမည်။

၉။ စာရင်းပိုင်ရှင်ကွယ်လွန်ခြင်း

  • (က) စာရင်းပိုင်ရှင်ကွယ်လွန်လျှင် အမွေစားအမွေခံများ(သို့မဟုတ်) တရားဝင်အမွေဆက်ခံခွင့်ရသူများသို့ စာရင်းလက်ကျန်ငွေကို ထုတ်ပေးပါမည်။ အမည်လွှဲပြောင်းစာရင်းဖွင့်လိုပါက စာရင်းသစ်ဖွင့်ပေးပါမည်။
  • (ခ) တစ်ဦးထက်ပိုသောတွဲဖက်စာရင်းမှ တစ်ဦးဦးကွယ်လွန်လျှင် စာရင်းလက်ကျန်ငွေကို ကျန်အမည်ပါသူများကိုသာ ထုတ်ပေးပါမည်။ စာရင်းအသစ်ဖွင့်လိုပါက ဖွင့်ပေးပါမည်။
  • (ဂ) အဖွဲ့အစည်း/အသင်း/ကုမ္ပဏီစာရင်းအတွက် ငွေသွင်းငွေထုတ်လုပ်ခွင့်ရှိသူ တစ်ဦးဦးကွယ်လွန်ပါက ၄င်း၏ရာထူးကို ဆက်ခံသူက ဆက်လက်တာဝန်ယူ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက် / အမိန့်စာတို့ကို ဘဏ်သို့ပေးပို့၍ လက်မှတ်နမူနာပေးထားရပါမည်။
  • (ဃ) မည်သည့်အချိန်အခါမဆို ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပို၍ ပူးတွဲစာရင်းဖွင့်လှစ်ထားသည့် ဘဏ်စာရင်းမှ စာရင်းပိုထုတ်ငွေထုတ်ယူထားခဲ့လျှင် စာရင်းအမည်ပေါက်သူအားလုံး (သို့မဟုတ်) ၄င်းတို့ကွယ်လွန်လျှင် ၄င်းတို့၏ အမွေစားအမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များက တစ်ဦးချင်းသီးခြားစီသော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း ပြန်လည်ပေးဆပ်ရန်တာဝန်ရှိပါသည်။ ပူးတွဲစာရင်းထားရှိသူများသည်မိမိတို့အတွက်သော်လည်းကောင်း၊ မိမိတို့တရားဝင်ကိုယ်စားလှယ်အတွက်သော်လည်းကောင်း ပူးတွဲစာရင်းနှင့် သင့်ရောက်သည့် မည်သည့်ပေးရန်တာဝန်ကိုမဆို တစ်ဦးစီသီးခြား၍ဖြစ်စေ၊ အားလုံးပူးတွဲ၍ဖြစ်စေ တာဝန်ယူရာရောက်သည်ဟု မှတ်ယူရပါမည်။

၁၀။ ချက်လက်မှတ်များကောက်ခံခြင်း

  • အခြားဘဏ်များမှ ချက်လက်မှတ်စသည့် စာချုပ်စာတမ်းများကိုကောက်ခံ၍ စာရင်းပေးသွင်းခြင်းကိစ္စများတွင် ငွေကောက်ခံရ၍ စာရင်းပေးသွင်းပြီးကြောင်းပြေစာကို ရယူရန်နှင့်ငွေကောက်ခံမရရှိပဲ ငြင်းပယ်ခံရပါက ပေးသွင်းထားသော ချက်လက်မှတ်စသည်တို့ကို အချိန်မီပြန်လည်ရယူရန် စာရင်းပိုင်ရှင်က သတိပြုရပါမည်။

၁၁။ အထူးညွှန်ကြားချက်များ

  • ၁၁-၁ အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်အလားတူကိစ္စများကို စာရင်းပိုင်ရှင်ကိုယ်စား ဘဏ်ကဆောင်ရွက်ပေးရန် အမြဲတမ်းညွှန်ကြားချက်များ (Standing Instructions) ကိုဘဏ်သို့ပေးထားနိုင်ပါသည်။
    • (က) အချိန်မှန်ဆောင်ရွက်ရမည့်ငွေပေးချေခြင်းများ၊(ဥပမာ- အသက်အာမခံပရီမီယံကြေးများ)
    • (ခ) အခါအားလျော်စွာပေးသွင်းရမည့်ကိစ္စရပ်များ၊ (ဥပမာ- အစုရှယ်ယာငွေပေးသွင်းခြင်း၊ တယ်လီဖုန်းကြေး၊ လျှပ်စစ်မီတာခနှင့် စည်ပင်အခွန်အခများပေးသွင်းခြင်း)
    • (ဂ) စာရင်းတစ်ခုနှင့် တစ်ခု ဆက်နွယ် (Link) ဆောင်ရွက်ရမည့်ကိစ္စများ၊
    • (ဃ) စတော့ရှယ်ယာနှင့် နိုင်ငံခြားငွေစသည်များရောင်းဝယ်/ရင်းနှီးလိုခြင်းများအတွက် ပေးချေရန်ရှိသည့်ကိစ္စရပ်များ။
  • ၁၁-၂ ငွေစုဘဏ် စာရင်းကို စာရင်းရှင်စာရင်းများနှင့်ဆက်နွယ် (Link) ပေးထားရန်ညွှန်ကြားနိုင်ပါသည်။ စာရင်းရှင်စာရင်း၌ ငွေမလုံလောက်သည့်အခါ ငွေစုဘဏ် စာရင်းမှငွေကို လွယ်ကူစွာလွှဲပြောင်းထုတ်ယူနိုင်ပါသည်။
  • ၁၁-၃ အထက်ပါကိစ္စရပ်များဆောင်ရွက်ခြင်းအတွက် ဘဏ်ကသတ်မှတ် ထားသော ၀န်ဆောင်ခကိုသာ ကောက်ခံယူမည်ဖြစ်သည်။

၁၂။ စာရင်းပိတ်ခြင်း

  • ၁၂-၁ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာရှိပါက ဘဏ်အနေဖြင့် စာရင်းပိုင်ရှင်ထံ ကြိုတင်အကြောင်းကြား၍ ဘဏ်စာရင်းကိုပိတ်ခွင့်ရှိပါသည်။
  • ၁၂-၂ လူကိုယ်တိုင်မှတ်ပုံတင်မူရင်းဖြင့် လာရောက်စာရင်းပိတ်နိုင်ပါသည်။ IBC ဖြင့်စာရင်းပိတ်နိုင်သည်။ နယ်မြေကျော်လွန်လျှင် ငွေလွှဲခပေးဆောင်ရမည်။
  • ၁၂-၃ စာရင်းပိတ်ပြီးသောအခါ ယင်းစာရင်းအတွက်ဘဏ်ကထုတ်ပေးထားသော ချက်စာအုပ်မှ အသုံးမပြုရသေးသော ချက်လက်မှတ်များကိုဘဏ်သို့ ပြန်လည်ပေးအပ်ရပါမည်။

၁၃။ စည်းမျဉ်းကိုပြင်ဆင်ခြင်း

  • CB Bank ဒါရိုက်တာအဖွဲ့သည် ဤစာရင်းရှင်စာရင်းစည်းမျဉ်းများကို အခါအားလျော်စွာဖြည့်စွက်/ နှုတ်ပယ်/ ပြင်ဆင်ခွင့်ရှိသည်။
  • ပြင်ဆင်ချက်ကို တစ်ဦးချင်းသို့ သီးခြားအသိပေး အကြောင်းကြားမည်မဟုတ်ပဲ သတင်းစာတွင်ဖြစ်စေ၊ ဘဏ်ကြော်ငြာသင်ပုန်းတွင်ကပ်ထား၍ဖြစ်စေ အသိပေးမည်ဖြစ်ပါသည်။