
Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပိုမိုဖြစ်ပေါ်လာနေပါသဖြင့် သတိပြုဆင်ခြင်နိုင်ပါရန် CB Bank PCL ဝန်ဆောင်မှုအသုံးပြုနေသော Customer များနှင့် အများပြည်သူများကို အသိပေး အကြောင်းကြား အပ်ပါသည်။
လူပုဂ္ဂိုလ်အချို့သည် Social Media မှတစ်ဆင့် အစုရှယ်ယာဝယ်ယူနိုင်ခြင်း၊ အတိုးနည်းနည်းဖြင့် ငွေချေးပေးနိုင်ခြင်းစသည်ဖြင့် ကြော်ငြာကာ ဘဏ်အကောင့်များ၊ Mobile Pay Account များသို့ ငွေလွှဲခိုင်းပြီး ငွေကြေးလိမ်လည်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Action Task Force နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းတို့ ပူးပေါင်း၍ ငွေကြေးလိမ်လည်ခြင်းကိစ္စရပ်များကို ကြိုးပမ်းဖော်ထုတ်လျက်ရှိရာ ငွေကြေးလိမ်လည်ရယူနေသော Zwel Htet (ဇွဲထက်ချေးငွေကုမ္ပဏီလိမိတက်) Facebook Page ကို တိုင်တန်းချက်အရ သက်ဆိုင်ရာအာဏာပိုင်များက ပူးပေါင်း၍ ဖော်ထုတ်ခဲ့ရာ တရားခံများဖြစ်ကြသည့် နှင်းဝတ်ရည်(ခ)မိပြုံးနှင့် လင်းလင်းကိုတို့ နှစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ်စီ အသီးသီးကျခံစေရန်၊ သက်သေခံ ငွေကျပ်သိန်း (၁,၄၀၀) ကို ပြင်ဆင်/အယူခံရက်ကျော်လွန်က တရားလိုထံ ပြန်ပေးစေရန်၊ သက်သေခံဖုန်း (၃) လုံးတို့ကို ပြင်ဆင်/အယူခံရက်ကျော်လွန်က ပိုင်ရှင်များထံ ပြန်ပေးစေရန် (၂၉-၁၂-၂၀၂၅) ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။
ထို့ကြောင့် Customer များအနေဖြင့်
· Social Media မှ ချိတ်ဆက်ရရှိလာသော ရင်းနှီးမြှုပ်နှံချက်၊ ချေးငွေကမ်းလှမ်းချက်များကို တရားဝင် ခွင့်ပြုချက်ရရှိထားသော အဖွဲ့အစည်းများ၏ ကမ်းလှမ်းချက်များ ဟုတ်/မဟုတ် သေချာစိစစ်ပါရန်၊
· အတည်မပြုနိုင်သော ဘဏ်အကောင့်များ၊ Mobile Pay Account များသို့ ငွေလွှဲခြင်း မပြုလုပ်ပါရန်၊
· သံသယရှိပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် ရဲဌာနများထံ အမြန်ဆုံး သတင်းပေးပို့ပါရန်နှင့် အထူးသတိပြုကြပါရန် အသိပေးအပ်ပါသည်။
ကြိုတင်ကာကွယ်ထားခြင်းသည် ဖြစ်ပွားပြီးမှ ဖြေရှင်းရခြင်းထက် ပိုမိုကောင်းမွန်ပါသဖြင့် မိမိတို့ CB Bank PCL ၏ ဝန်ဆောင်မှုများကို အသုံးပြုနေသော Customer များသာမက ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုနေသော အများပြည်သူများအားလုံးအနေဖြင့် ငွေကြေးလိမ်လည်မှုများကို သတိပြုကာကွယ်နိုင်ကြစေရန်အတွက် #အယုံမလွယ်နဲ့ Campaign ကို CB Bank PCL ၏ Social Media Channel များတွင် အပတ်စဉ် တင်ဆက်၍ လိမ်လည်မှုများကို ရှောင်ရှားနိုင်ရန် အသိပညာများ မျှဝေပေးလျက်ရှိသည့်အတွက် ဝင်ရောက်ဖတ်ရှုပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ငွေလိမ်လည်မှုဖြစ်စဉ် နမူနာကိုလည်း အများပြည်သူလေ့လာနိုင်ရန်အလို့ငှာ လက်ခံရရှိချက်အတိုင်း ပြင်ဆင်ထားခြင်းမရှိဘဲ ပူးတွဲဖော်ပြလိုက်ပါသည်။
အမှုတွဲဖြစ်စဉ်နမူနာ
· လူပုဂ္ဂိုလ်တစ်ဦးသည် (၂၀၀၁) ခုနှစ်မှစတင်၍ Ni Ni Swe အမည်ဖြင့် Facebook သုံးစွဲခဲ့ရာ ၂-၈-၂၀၂၃ ရက်နေ့တွင် ခန့်ဝေမောင်(ခ)မောင်မောင်လွင်ဆိုသူမှ Online ပေါ်တွင် အစုရှယ်ယာများ ဝယ်ယူ စုဆောင်းခြင်း သို့မဟုတ် အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးယူနိုင်ကြောင်း ဝင်ရောက်ပြောဆို ကြေညာခဲ့ပြီး ၎င်းတို့၏ ရုံးလိပ်စာမှာ ဇွဲထက်ရှယ်ယာ ကုမ္ပဏီလီမိတက်ရုံး (Zwe Htet)၊ (102 A) လမ်းကြား၊ (၆၂)လမ်း၊ တွတ်ပီ ကွေ့၊ မန္တလေးဖြစ်ကြောင်း၊
· ၎င်း၏မှတ်ပုံတင်ကိုလည်း ပြသခဲ့သဖြင့် မိမိစုဆောင်းထားရှိသောငွေများအား အစုရှယ်ယာများ ဝယ်ယူရင်းနှီးရန် ရည်ရွယ်၍ ၎င်းတို့ပေးပို့သည့် ဖုန်းနံပါတ်များသို့ Wave Pay ဖြင့် မိမိ၏ မှတ်ပုံတင်ဖြင့်လည်းကောင်း၊ အခြားသူများ၏ မှတ်ပုံတင်များဖြင့်လည်းကောင်း စုစုပေါင်း ကျပ်သိန်း (၉,၆၅၀) ကျော်အထိ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ပါကြောင်း၊
· မိမိလွှဲပေးခဲ့သောငွေများကို ပြန်လည်ထုတ်ပေးရန် တောင်းဆိုသောအခါတွင် ဘဏ်ငွေလွှဲပုံစံ အတုကိုပြသပြီး အဆိုပါငွေပမာဏကို ထုတ်ယူရန်အတွက် မိမိမှ ငွေထပ်မံလွှဲပေးရမည် ဖြစ်ကြောင်းသာပြောပြီး ၎င်းတို့ဘက်မှ ယခုအချိန်အထိ မည်သည့်ငွေမှ လွှဲပေးခြင်းမရှိခဲ့သဖြင့် ဆုံးရှုံးခဲ့သောငွေများ ပြန်လည်ရရှိနိုင်ရေးနှင့် မိမိကဲ့သို့ အခြားမသိနားမလည်သူများ လိမ်ညာခံ ရ၍ ငွေကြေးဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် Online မှ အုပ်စုဖွဲ့ ငွေလိမ်လည်သူများနှင့် ကုမ္ပဏီများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးနိုင်ပါရန် အထောက်အထားများနှင့်အတူ တင်ပြတိုင်ကြားပါကြောင်း။

