စီမံခန့်ခွဲမှုကော်မတီများ
လူ့စွမ်းအားအရင်းအမြစ်နှင့် ဝန်ထမ်းများ၏ရပိုင်ခွင့် စီမံခန့်ခွဲမှုကော်မတီသည် ဝန်ထမ်းပေါင်းများစွာ အုပ်ချုပ်ခြင်းတွင် ဘဏ်၏ရည်မှန်းချက်၊ ရည်ရွယ်ချက်များအောင်မြင်အောင် စီမံခန့်ခွဲဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ အဖွဲ့အစည်းအတွက် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ ရွေးချယ်နိုင်စေရန်အတွက်လည်း အကောင်းဆုံးကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် လတ်တလောပြောင်းလဲလာသော စီးပွားရေးဈေးကွက်အခြေအနေအလိုက် လိုအပ်ချက်များကို စနစ်တကျ မှန်ကန်စွာဖြည့်ဆည်းနိုင်ရန် CB Bank အနေဖြင့် ပြည်တွင်းတွင်သာမက နိုင်ငံတကာမှ အရည်အချင်းပြည့်ဝသူများကိုပါ ခန့်ထားနိုင်ရန် ကြိုးစားလျက်ရှိပါသည်။
ဘဏ်လုပ်ငန်းအောင်မြင်မှုသည် ဘဏ်ရှိအပ်နှံငွေများအား Portfolio နစ်နာနိုင်ခြေများ စီမံခန့်ခွဲမှု ပြု လုပ်နိုင်သည့်အပေါ်တွင် မူတည်နေပါသည်။ ဘဏ်အဖွဲ့အစည်း၏ တွေ့ကြုံလာနိုင်သောနစ်နာနိုင်ခြေများကို ကြိုတင်ခန့်မှန်းကာကွယ်နိုင်စေရန်အတွက် ဤကော်မတီကို ဖွဲ့စည်းထားပါသည်။ ဘဏ်၏ဝန်ဆောင်မှု တစ်ခုချင်းစီအလိုက် နစ်နာနိုင်ခြေများကို ရှောင်လွှဲနိုင်ရန်၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်မြှင့်တင်ကာ နစ်နာနိုင်ခြေများ လျှော့ချနိုင်ရန်နှင့် ဖြစ်ပေါ်လာသော နစ်နာမှုအကျိုးဆက်ကို မည်သို့ စီမံခန့်ခွဲဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်နေပါသည်။ အဆိုပါကော်မတီသည် Credit နစ်နာနိုင်ခြေတွင်သာမက ဈေးကွက်နစ်နာနိုင်ခြေ၊ စီမံခန့်ခွဲမှုနစ်နာနိုင်ခြေ၊ နည်းဗျူဟာ နစ်နာနိုင်ခြေတို့ကို oversee လုပ်ပါသည်။ နစ်နာနိုင်ခြေများ၏ အဆင့်သတ်မှတ်ချက်အလိုက် နည်းလမ်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်းအခက်အခဲများ ကြုံတွေ့သောကာလတွင်လည်း ဤကော်မတီ၏ စိစစ်လမ်းညွှန်မှုများဖြင့် ကျော်လွှားအောင်မြင်ခဲ့ပါသည်။ ဤကော်မတီသည် ချေးငွေပမာဏပေါ်မူတည်၍ ပုံမှန်အစည်းအဝေးများပြုလုပ်ပြီး ဖြစ်နိုင်ခြေရှိသော နစ်နာနိုင်ခြေများ လျော့ပါးသက်သာစေရန် နည်းလမ်းများ ဖော်ထုတ်ပြင်ဆင်ပါသည်။ ထို့အပြင် ဈေးကွက်ဖွံ့ဖြိုး တိုးတက်လာမှု အလျှောက် ဘဏ်မှမည်သည့်လုပ်ငန်းများပေါ်တွင် မည်သို့ကောင်းစွာဆောင်ရွက်နိုင်သည်ကိုလည်း စောင့်ကြည့်ဆောင်ရွက်လျက်ရှိပါသည်။
ဤကော်မတီသည် နစ်နာနိုင်ခြေကို စိစစ်ရေးလုပ်သည့် အရေးကြီးသော ကော်မတီတစ်ခု ဖြစ်ပါသည်။ ဤကော်မတီသည် ဘဏ်၏ Balance Sheet အား စီမံခန့်ခွဲရန် မူဝါဒများကို စောင့်ကြည့်သုံးသပ်ခြင်းအပြင် ဖြစ်ပေါ်လာသော နစ်နာနိုင်ခြေများအား လေ့လာစိစစ်ပြီး ပိုမိုကောင်းမွန်သောနည်းလမ်းများဖြင့် စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နည်းပညာတိုးတက်မှုနှင့်အတူ နိုင်ငံတကာအဆင့်မီဆောင်ရွက် နိုင်စေရန်နှင့် လုံခြုံမှုရှိပြီး တိကျမှန်ကန်၍ မြန်ဆန်သော ငွေကြေးဝန်ဆောင်မှုများကိုစနစ်တကျ ဆောင်ရွက်နိုင်စေရန်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ တိုးတက်လာသောနည်းပညာများကို အခြေခံ၍ Customer များအား မည်သို့ ဝန်ဆောင်မှုပေးနိုင်သည်ကို လေ့လာစောင့်ကြည့်သုံးသပ်ပါသည်။ Customer များအတွက် နည်းပညာအခြေခံပြီး အချိန်မရွေး၊ နေရာမရွေး ဆောင်ရွက်နိုင်သော ဝန်ဆောင်မှုများသည် အရေးပါလာသည်ဖြစ်ရာ ဤကော်မတီအနေဖြင့် တိုးတက်လာသောနည်းပညာများနှင့်အညီ ခေတ်မီဝန်ဆောင်မှုများပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်နေပါသည်။
ဘဏ်ခွဲသစ်များဖွင့်လှစ်ရေးကော်မတီသည် တိုးတက်လာသော လူ့အဖွဲ့အစည်းအတွက် ငွေကြေးဝန်ဆောင်မှုများ အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ဘဏ်ခွဲများကိုလည်း စနစ်ကျသောနည်းလမ်းများ ချမှတ်ဆောင်ရွက်ဖွင့်လှစ်လျက်ရှိပါသည်။ ဘဏ်ခွဲအသစ်များဖွင့်လှစ်နိုင်ရန်အတွက် စီးပွားရေးအချက်အချာကျသော မြို့ကြီးများ၊ လူမှုစီးပွားရေး တိုးတက်သောနေရာဒေသများ၏ အခြေအနေများ လေ့လာခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်ပြီး စနစ်ကျသောဘဏ်ခွဲများ ဖြစ်စေရန်နှင့် နေရာဒေသ လိုအပ်ချက်အလျှောက် အချိန်မီဖွင့်လှစ်နိုင်စေရန် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
CB Bank စာရင်းစစ်ကော်မတီကို မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေပုဒ်မ အပိုဒ်(၈၅) နှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
- CB Bank ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းထိန်းသိမ်းမှုများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား သတ်မှတ်ဘောင်အတွင်းမှ ဖြစ်စေရန်၊
- ရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့သို့ တင်ပြသော ဘဏ္ဍာရေးရှင်းတမ်းများသည် တိကျမှန်ကန်ပြီးပြည့်စုံမှုရှိစေရန်၊
- ဘဏ်တွင် စာရင်းထိန်းသိမ်းဆောင်ရွက်မှုများကို ထိရောက်စွာထိန်းကျောင်းနိုင်စေရန်၊
- ပြင်ပစာရင်းစစ်အဖွဲ့များနှင့် ဘဏ်တွင်းစာရင်းစစ်တို့၏ တင်ပြချက်များကို သုံးသပ်နိုင်စေရန်၊
- ဘဏ်တွင်းစာရင်းစစ်လုပ်ငန်းများကို ထိရောက်စွာအကျိုးရှိရှိ ဆောင်ရွက်နိုင်စေရန်တို့ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။
ဤကော်မတီအနေဖြင့်အနည်းဆုံး (၃) လတစ်ကြိမ် ပုံမှန်အစည်းအဝေးပြုလုပ်လေ့ရှိပြီး စစ်ဆေးတွေ့ရှိချက်များနှင့်ရလဒ်များကို စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
(က) စာရင်းစစ်ဌာန
ဘဏ်တွင်းစာရင်းစစ်ဌာနကို မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မအပိုဒ် (၈၅) နှင့်အညီ ဖွဲ့စည်းထားပါသည်။ စာရင်းစစ်ဌာနအနေဖြင့် ဘဏ်ခွဲနှင့် ရုံးချုပ်ရှိဌာနအသီးသီးတို့၏ ငွေကြေးသုံးစွဲမှုများ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ဗဟိုဘဏ်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ပါသည်။ စာရင်းစစ်ဌာနသည် ပြင်ပစာရင်းစစ်အဖွဲ့ကို အထောက်အကူပြုဆောင်ရွက်ပေးပြီး စာရင်းစစ်ကော်မတီကိုလည်း အစီရင်ခံတင်ပြပါသည်။
(ခ) ပြင်ပစာရင်းစစ်အဖွဲ့
မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မအပိုဒ် (၈၈) နှင့် (၈၉) အရ ပြင်ပစာရင်းစစ်အဖွဲ့သည် ဘဏ်၏လုပ်ငန်းဆောင်ရွက်မှုများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို နှစ်စဉ်စစ်ဆေးဆောင်ရွက်ပါသည်။ စာရင်းစစ်အစီရင်ခံစာနှင့် အကြံပြုချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဒါရိုက်တာအဖွဲ့သို့ အစီရင်ခံ တင်ပြပါသည်။ ပြင်ပစာရင်းအဖွဲ့အဖြစ် စာရင်းစစ်ကော်မတီမှ ရွေးချယ်ထားသော ဦးလှထွန်းနှင့်အဖွဲ့လီမိတက်မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
(ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာရင်းစစ်အဖွဲ့
မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မအပိုဒ် (၉၀) နှင့် (၉၁) အရ ဘဏ်အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုခံယူခြင်းနှင့် စစ်ဆေးတွေ့ရှိမှုများအတွက် ညှိနှိုင်းဆောင်ရွက်မှုများကို နှစ်စဉ်ပြုလုပ်ရပါသည်။ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ဘဏ်၏ငွေရေးကြေးရေး အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ရုံးချုပ်နှင့် ဘဏ်ခွဲများ၏ဆောင်ရွက်ချက်များကို စစ်ဆေးမှုခံယူပြီး အစီရင်ခံစာပါအကြံပြုချက်များနှင့်အညီ ပြုပြင်ဆောင်ရွက်လျှက်ရှိပါသည်။