
နိုင်ငံသားစိစစ်ရေးကတ် အမှတ်အတုဖြင့် ဘဏ်အကောင့်ဖွင့်လှစ်ကာ ကိုယ်ရေးအချက်အလက်များ အလွဲသုံးစားပြု၍ လိမ်လည်မှုများ ဆောင်ရွက်လာကြသူများ ရှိနေပါသဖြင့် CB Bank PCL ဝန်ဆောင်မှု အသုံးပြုနေသော Customer များနှင့် အများပြည်သူများ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အထူးသတိပြုရန် အသိပေးအကြောင်းကြားအပ်ပါသည်။
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ စိစစ်ချက်အရ လူပုဂ္ဂိုလ်အချို့သည် အခြားသူ၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား အလွဲသုံးစားပြုလုပ်၍ ဘဏ်အကောင့်များ ဖွင့်လှစ်ကာ မသမာမှုများ ပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ကြကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးအကြောင်းကြားထားပါသည်။
အသိပေးချက်တွင် ပါဝင်သော ဖြစ်စဉ်မှာ-
- ချစ်မျိုးဦးနှင့် သက်နိုင်စိုးတို့သည် ထွန်းသက်ဝေ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်များအား ပြုပြင်၍ ဘဏ်ငွေစာရင်း (၃) ခု ဖွင့်ခဲ့ပါသည်။
- ထွန်းသက်ဝေအမည်ဖြင့် အသုံးပြုခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် ပိုင်ရှင်များမှာ ချမ်းပြည့်ကျော်၊ ဟိန်းမင်းခန့်၊ မိုးမိုးကျော်တို့ ဖြစ်ပါသည်။
- စွမ်းရည်ထက်သည် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား ပြုပြင်၍ ငွေစာရင်း (၁) ခုနှင့် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်ဖြင့် ငွေစာရင်း (၁) ခု ဖွင့်ခဲ့ပါသည်။ ပြုပြင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်မှာ သင်္ဃန်းကျွန်းမြို့နယ် တရာရုံး၏ အသုံးပြုပြီး အမြင့်ဆုံးနံပါတ်ထက် ကျော်လွန်နေသော နံပါတ်ဖြစ်ပါသည်။
- အဆိုပါငွေစာရင်းများအား ချစ်မျိုးဦး၊ သက်နိုင်စိုးနှင့် စွမ်းရည်ထက်တို့ (၃) ဦးမှ လွှဲပြောင်းဆောင်ရွက်နေကြသည်ကို ပုဂ္ဂလိကဘဏ်တစ်ဘဏ်မှ စိစစ်တွေ့ရှိခဲ့သဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်အဖြစ် ပေးပို့နိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် အမှတ်အတုဖြင့် ဘဏ်ဝန်ဆောင်မှုများ လိမ်လည်ရယူရန် အားထုတ်ခဲ့သူများကို ဖော်ထုတ်နိုင်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပါသည်။
Customer ကာကွယ်စောင့်ရှောက်မှုနှင့် အလေးထားစိစစ်မှု
Customer များအား လုံခြုံစိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် CB Bank PCL အနေဖြင့် Customer အား အလေးထားစိစစ်ခြင်း လုပ်ငန်းစဉ်များဖြစ်သည့် Customer Due Diligence (CDD) နှင့် Enhanced Due Diligence (EDD) တို့အား သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သံသယဖြစ်ဖွယ် လုပ်ငန်းဆောင်ရွက်မှုများ တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
သတိပြုရမည့် အချက်များ
Customer များအနေဖြင့် အောက်ပါအချက်များအား အထူးသတိပြုလိုက်နာကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည် —
- မိမိ၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) နှင့် ကိုယ်ရေးအချက်အလက်များကို မသက်ဆိုင်သူများထံ မပေးသင့်ပါ၊ မမျှဝေသင့်ပါ။ ထို့ပြင် သက်ဆိုင်ရာ အာဏာပိုင်များမှ တရားဝင်ထုတ်ပေးထားသော Unique Identification Card၊ ယာဉ်မောင်းလိုင်စင်၊ လူမှုဖူလုံရေးကတ် စသည့်သက်သေခံကတ်များကိုလည်း မသက်ဆိုင်သူများထံ မပေးသင့်ပါ၊ မမျှဝေသင့်ပါ။
- မိမိတို့၏ တရားဝင်သက်သေခံကတ်ပြား (မူရင်း/ မိတ္တူ) များကို Social Media များပေါ်တွင် ဓာတ်ပုံများရိုက်၍ မျှဝေခြင်းများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
- မိမိ မသိသော ဖုန်းနံပါတ်များ၊ Social Media Account များမှ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) နှင့် ကိုယ်ရေးအချက်အလက်များ တောင်းခံလာပါက မမျှဝေသင့်ပါ။
- ဘဏ်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ကိုယ်ရေးအချက်အလက်များ တောင်းခံလာပါက ဘဏ်၏ တရားဝင် Channel များမှသာ ဆက်သွယ်ဆောင်ရွက်သင့်ပါသည်။
- မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ကို တူညီစွာ အသုံးပြုထားသည့် အခြေအနေများ၊ မိမိ၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားခြင်း သို့မဟုတ် မသင်္ကာဖွယ် ငွေကြေးလှုပ်ရှားမှုများရှိကြောင်း
တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားသင့်ပါသည်။

